ကြံခင်း စက်တင်ဘာလ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၂/၂၀၂၅) ဖွင့်လှစ်သင်ကြားနေမှုအား ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ကျေးရွာများ၏ ဒေသထုတ်ကုန်များ၊ ဈေးထွက်လိုအပ်ချက် လုပ်သားလိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီသည် အသက်မွေးဝမ်းကျောင်းသင်တန်း လိုအပ်ချက်များကို ဆန်းစစ်ရွေးချယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်သင်တန်းကို စက်တင်ဘာ ၄ ရက်နေ့ကဖွင့်လှစ်ပေးခဲ့ပြီး ကြံခင်း မြို့နယ်အတွင်းရှိ သပြေပင်ဇင်းကျေးရွာ၊ ချောင်းခွကျေးရွာ၊ ချင်းမြောင်းကျေးရွာ ပန်းပင်ကုန်းကျေးရွာ၊ ကြပ်ကွင်းကျေးရွာ၊ ကြံတောကျေးရွာနှင့် ပေါက်တောကြီးကျေးရွာတို့မှ သင်တန်းသား/သင်တန်းသူ ၂၀ တက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားနေမှုအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုစိုးတင့်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး သင်တန်းသား/သူများနှင့်တွေ့ဆုံ၍ သင်တန်းကပို့ချသည့် ဘာသာရပ်များကို သေချာလေ့လာမှတ်ယူကာ မိမိဒေသ၊ မိမိကျေးရွာတို့တွင် တစ်ပိုင်တစ်နိုင်ကစ၍ စီးပွားဖြစ် လုပ်ဆောင်နိုင်အောင် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဆရာမ ဒေါ်ဖြိုးအိမွန်က ထုတ်လုပ်ကုန်များအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ သင်တန်းတွင် ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်ဆေး ဆပ်ပြာနှင့် မှန်ကြည့်ဆေး လူသုံးကုန်ပစ္စည်းပြုလုပ်သည့် နည်းပညာများကို လုပ်ငန်းထူထောင်နိုင်သည်အထိ စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့အထိ ငါးရက်ကြာသင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည် ထူးချွန်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ကူညီပံ့ပိုးထုတ်ချေးပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)