ကျောက်ကြီးမြို့နယ်၌ (၁၃၇) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲ ရိုးရာအစဥ်အလာမပျက် ကျင်းပ

ကျောက်ကြီး စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ (၁၃၇)ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ရိုးရာအစဥ်အလာမပျက် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းကစတင်ပြီး ကျောက်ကြီးချောင်းဘေးရှိ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ကိန်းဝပ်စံပယ်ရာစံကျောင်းတော်နှင့် ကျောက်ကြီးချောင်းအတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ (၁၃၇)ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ရိုးရာအစဥ်လာမပျက်ကျင်းပနိုင်ရေး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရှင်သီဝလိတောင်တော်မြတ် သြဝါဒစရိယဆရာတော် ဘဒ္ဒန္တစန္တိမာ၏ မိန့်ကြားချက်အရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ပွဲတော်ကျင်းပရေးကော်မတီဝင်များက ဦးဆောင်၍ တော်သလင်းလဆန်း ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လှည့်လည်အပူဇော်ခံခြင်း၊ ယနေ့နံနက်ပိုင်းတွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်အား အနေကဇာတင်လှူပူဇော်ခြင်း၊ ကျောက်ကြီးမြို့လယ်တံတားပေါ်နှင့် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ကိန်းဝပ်စံပယ်ရာစံ ကျောင်းတော်တို့တွင်လည်း ထမင်းထုပ်များ ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ညပိုင်းတွင် ကျောက်ကြီးမြို့လယ်ချောင်းအတွင်းရှိ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ရေပေါ်စံကျောင်းတွင် မြို့ပေါ်ရပ်ကွက်ဓမ္မယောဂီများမှ ဓမ္မစကြာဒေသနာတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီးမျှောပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)