ပဲခူး စက်တင်ဘာ ၆
ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (၃၁)ကြိမ်မြောက် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ရွှေကျောင်းတော်(ကျောက်ပန်းတောင်းဓမ္မာရုံ)၌ ကျင်းပသည်။
ဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရွှေမော်ဓောစေတီတော် ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့နောက် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ပရိသတ်အပေါင်းတို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေသာဓုခေါ်ဆိုခြင်း၊ ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းဖြင့် တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)ကို ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)