မင်းဘူး ဒီဇင်ဘာ ၂၂
ဝါးပင်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ သည် ဝါးတောပေါက်ရောက်မှု အများဆုံး နိုင်ငံဖြစ်ပြီး အကျိုးရှိရှိ အသုံးချ တတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့် အပင် အမျိုးအစားပင် ဖြစ်သည်။
ဝါးပင်သည် ရေညှိ၊ရေမှော်မှတဆင့် ဖြစ်ပေါ်လာသောကြောင့် မြက်ကြီးပင်တစ်မျိုးဖြစ်ပြီး ဝါးပင်၏ သုံးပုံတစ်ပုံ အလေးချိန်ကို ဇီဝမြေဩဇာအဖြစ် ခြွေချပေးကာ မြေဩဇာ အထူးကောင်းမွန် ပေသည်။ ဝါးပင်သည် သဘာဝ တရားအရ အခြားအပင်များ ရှင်သန်ရေးအတွက်လည်း အားပေးသော အပင်ဖြစ်သည်။ ဖုန်စုပ်ယူမှုအား ကောင်း သည့်အပြင် ဝါးရွက်တွင် အဏုဇီဝပိုးမွှားများ ရှင်သန် ပေါက်ဖွားပြီး ထိုပိုးမွှားများသည် အပင်များ ရှင်သန် ကြီးထွားရေးအတွက် အကောင်းဆုံး ဇီဝမြေဩဇာ ဖြစ်သည်။
ဝါးပင်သည် ကြီးမားသော ဝါးတောကြီးများဖြင့် ဖုံးလွှမ်းနေစေကာမူ အခြားအပင်များ ကြီးထွားခွင့်၊ စိုးမိုးခွင့် ကိုလည်း ပေးထားပေသည်။ ဝါးပင်ကို ကျောက်ခေတ်လူသားတို့က နေစရာနှင့် လက်နက်ပစ္စည်းများ အဖြစ် အသုံးပြုကြသည်။ ဝါးပင်သည် ကမ္ဘာဦးအစကပင် လူသားများနှင့် ရင်းနှီးပြီးသားအပင်ဖြစ်ကာ နေစရာပေးသည်၊ စားစရာပေးသည်၊ အခြားအပင်များ စိုက်ပျိုးရန် အတွက် မြေဩဇာဖန်တီးပေးသည်။ မြေအောက်ရေကို ထိန်သိမ်းပေးပြီး မြေဇီလွှာများ မိုးရေနောက် ပါမသွားအောင် အမြစ်များက ထိန်းသိမ်းပေးသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးစုစုပေါင်း (၂၂)မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ခန့် ပေါက်ရောက်ပြီး ပင်လယ်ရေ မျက်နှာပြင် (၃၀၀) နှင့်(၂၆၀၀)ခြားတွင် အများဆုံးတွေ့ရသည်။ အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ဒီဂရီ ဖာရင်ဟိုက်၊ မိုးရေချိန် ၃၁လက်မမှ ၂၅၄လက်မရှိ၍ ရေမဝပ်သောမြေ နှင့် ဆားငံမြေမှလွဲ၍ ကျန်မြေများတွင် ရှင်သန် ပေါက်ရောက်နိုင်သည်။ ဝါးပင်သည် အခြားအပင်များ ထက် အောက်ဆီဂျင် ၃၅ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ပြီး ဝါးတစ်ဟက်တာ စိုက်ပျိုးထားပါက ကာဗွန်တန်၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန်၆၀မှ ၉၀၊ ဖုန်မှုန့်တန် ၆၀မှ၉၀ထိ စုပ်ယူနိုင်ကြောင်း သိရသည်။
ဝါးစိုက်ပျိုးသူများသည် ဝါးကိုရေရှည်ခံအောင် ရိုးရာနည်း၊ ဆေးသွင်းနည်း၊ ဆေးစိမ်နည်း၊ ဝါးပေါင်းနည်းများဖြင့် ရေရှည်ခံအောင်ပြုလုပ်ပြီး ရောင်းချပါက သစ်နေရာတွင် ဝါးများနေရာရလာ ပြီး ဈေးကွက်ကောင်းတစ်ခု ဖြစ်လာနိုင်သည်။ ဝါးစိုက်သောသူများသည် ဝါးပင်မျိုးပွားနည်းများ သိထားပါမှ ဝါးမျိုးများလည်း ရောင်းချနိုင်ပေမည်။ ဝါးစိုက်ပျိုးခြင်းသည် ရာသီပေါ်သီးနှံများထက် ဝင်ငွေပိုရနိုင်ပြီး မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်နိုင်သည့်အပြင် ဝါးရွက်များက မြေဆီလွှာဖြစ်ထွန်း စေခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းနိုင်ခြင်း၊ ရာသီဥတုဒဏ်ကို ကြောက်စရာမလိုပဲ ဓာတ်မြေဩဇာ ကျွေးစရာမလို၊ ပိုးသတ်ဆေးဖျန်းစရာမလိုသောကြောင့် ဝါးစိုက်ပျိုးခြင်းသည် ကုန်ကျမှုစရိတ်သက် သာပြီး ကုသိုလ်လည်းရ ဝမ်းလည်းဝအပင်မျိုး ဖြစ်သောကြောင့် စိုက်ပျိုးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတော့တယ်။
ဇေယျာထက်(မင်းဘူး)