အိမ်မဲ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများရရှိစေရန် EM ဘိုကာရှီသဘာဝမြေသြဇာ (ဗေဒါ၊ မြေဆွေး)များ ပြုလုပ်ခြင်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက ပွဲစားဂုံညင်းတန်းကျေးရွာ၊ ကျားနဖူးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကျုံကနိ ကျေးရွာတို့တွင် EM ဘိုကာရှီသဘာဝမြေသြဇာ (ဗေဒါ၊မြေဆွေး)များကို ပြလုပ်ခဲ့ကြကြောင်း သိရသည်။
“ဘိုကာရှီသဘာဝမြေဆွေးဆိုတာ လယ်ယာစွန့်ပြစ်ပစ္စည်းများနဲ့ လယ်ယာသုံးတိရစ္ဆာန် စွန့်ပြစ်ပစ္စည်းများကို EM၊ တင်လဲရည်၊ နွားချေး၊ ဖွဲနုများနဲ့ အဏုဇီဝသက်ရှိများကို မွေးမြူပြီး လယ်ယာမြေများမှာ ထည့်သွင်းရမှာဖြစ်ပါတယ်။
မြေဆွေး (၁) ပုံပြုလုပ်တော့မယ်ဆိုရင် အလျား ၆ပေ အနံ ၄ ပေ၊ အမြင့် ၃ ပေနဲ့ ၆ လွှာပြုလုပ်ရပါမယ်။ ၁ လွှာလျှင် ၆ လက်မခန့် ပါဝင်ပစ္စည်းများကို ထည့်သွင်းပြီး ပလပ်စတစ်နဲ့လုံအောင် ဖုံးပေးရပါမယ်။၄ ရက်ခန့်ကြာရင် ပူလာပါလိမ့်မယ်။ အထက်အောက်လှန်လှောပေးရပါမယ်။
နွေရာသီမှာ ခြောက်သွေ့ရင်တော့ ရေဖျန်းပေးရပါမယ်။ ၄ ရက်မှ ၁၀ ရက်ခန့်ကြာရင် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ဗေဒါမြေဆွေးများကို သီးနှံများ စိုက်ပျိုးရန်မြေပြင်တဲ့အချိန်မှာ ၁ ဧကလျှင် ၈ ပုံမှ အပုံ ၂၀၊ တန်အနေနဲ့ ၂ တန်မှ ၅ တန်အထိထည့်ပေးနိုင်ပါတယ်။ဒါကိုထည့်သွင်းအသုံးပြုမယ်ဆိုရင် လယ်ယာမြေတွေမှာ အဏုဇီဝသက်ရှိများမွေးမြူပေးတဲ့အတွက် မြေကြီးပျက်စီးမှုကို ပြုပြင်နိုင်ပြီး သီးနှံအထွက်နှုန်းကို သိသာစွာတိုးလာမှာဖြစ်ပါတယ်” လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစိုးမြင့်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)