ကြံခင်းမြို့၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း မြို့မတောင်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကြံခင်း စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ မြို့မတောင်၌ စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မူလွန် (မြို့မတောင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုတများစွာ ရရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သော အနာဂတ်သားကောင်း ရတနာသမီးကောင်းရတနာများဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲများကို ကျောင်းအခြေပြုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး၊ ကြံခင်းမြို့ နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က “အမျိုးသမီးငယ်ရွယ်ကလေးများ မိမိကိုယ်ကိုတန်ဖိုးထားကြပါစို့” ခေါင်းစဉ်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ကြံခင်းမြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ထိုက်ထိုက်ပန်က ကလေးအလုပ် သမားခိုင်းစေခြင်းကြောင့် ဖြစ်ပေါ်လာမည့်ပြစ်ဒဏ်များ၊ လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲခြင်းကြောင့် ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိန်းမှုများအား အကျယ်တဝံ့ရှင်း လင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က “လူငယ်နှင့်အနာဂါတ်” ခေါင်းစဉ်ဖြင့်ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပေးခဲ့ရာ ပြိုင်ပွဲဝင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် မူလွန်(မြို့မတောင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေမာလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ  စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)