စစ်ကိုင်း စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ်ပညာရှင်များ၊ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပသွားမှာဖြစ်ကြောင်း၊ ယင်းဦးတည်ချက်များကို အကောင်အထည်ဖော်နေခြင်းမှာ မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ မိမိတို့၏ လူ့ဘောင်အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပါကြောင်း၊ ယခုလိုအစဉ်အလာရှိသည့် အမွေကောင်းများကို ထိန်းသိမ်းပြီး အနာဂတ်ကာလမှာ သားစဉ်မြေဆက်တိုင်အောင် စနစ်တကျလက်ဆင့်ကမ်းပေးဝေနိုင်ရေး ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ပန်တျာဦးမြကြည်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)