မင်းလှ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပွားမှုတွေ့ရှိပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆင်တဲကုန်းအုပ်စု၊ အလယ်ကုန်းကျေးရွာရှိ ၁ နှစ် ၇ လအရွယ် ကလေးငယ်တစ်ဦးတွင် ဖျားနာပြီး အနီစက်များထွက်ရှိကြောင်း တွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ အဆိုပါကျေးရွာသို့ကွင်းဆင်းပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ဝက်သက်ရောဂါဖြစ်ပွားမှုရှိ/မရှိ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခြင်း၊ ကျေးရွာအတွင်း အလားတူသံသယလူနာများရှာဖွေခြင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ကူးစက်ရောဂါနှင့်ပက်သတ်သည့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)