ကယားပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ယာယီ) အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပထမဦးစွာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းမှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်ဆိုင်ရာကြေညာချက်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာ ကြေညာချက်များ၊ အပိုင်းလိုက် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်အခြေအနေ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ဆက်စပ်ပစ္စည်းများ ခွဲဝေရရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပြသင်တန်းများ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းများ၊ မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်မှု၊ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်မှု၊ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) အရ မဲဆန္ဒနယ်ခွဲဝေထားရှိမှု၊ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်၍ မဲရလဒ်တွက်ချက်မှု၊ ပြည်နယ်အတွင်း နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်လှစ်မှုနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိက ပြန်လည်ဖြေကြားကာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုတွတ် (ပြန်/ဆက်)