ဖျာပုံ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား ယနေ့နံနက်(၁၁)နာရီ အချိန်ကဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီးရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အနေဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်မှီပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးတို့အပြင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်လဝကမှူး ဦးခင်မောင်ဌေးက ခရိုင်အတွင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့်ပတ်သတ်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ အခြေအနေများ၊ မြေပြင်၌ လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက် မှန်ကန်စွာ ကောက်ယူစိစစ်ရေးအတွက် ကြတ်မတ်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများမှ ကျေးရွာအုပ်စုအလိုက် မြေပြင်အမှန်ရှိ လူဦးစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများကိုလည်းကောင်း၊ ဖျာပုံမြို့နယ်အမှတ် (၁၈)ရပ်ကွက်နှင့် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ အုပ်ချုပ်ရေးမှူရုံးတို့တွင်မြေပြင်ကွင်းဆင်း၍ လူဦးရေ စာရင်းစစ်ဆေးမှုနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး၊ သာသနာ့ဝင်၊ ထောင်ကျ စာရင်းများ ကွဲလွဲကျန်ရှိမှုမဖြစ်စေရေးအတွက် Server ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှန်ရရှိရေး ဆောင်ရွက်နေမှုကို ကြည့်ရှုကာ တာဝန်ကျဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
အော်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)