သရက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကိုးပင်ကျေးရွာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သရက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသန့်ဇင်မင်းတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးကြမည့်မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ခြင်း၊ တံဆိပ်တုံးထု၍ မဲပေးခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်းနှင့် မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ကိုက်ညီသည့် မြန်မာအီလက်ထရောနစ်ဒီဇိုင်းပုံစံကို တီထွင်ထားသည့် မဲပေးစက်ဖြစ်ကြောင်းနှင့် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ကျေးရွာနေပြည်သူ (၃၂၀) ဦးခန့်အား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာများ လက်တွေ့အသိပညာပေးပြသပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)