အောင်လံ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၄) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က မြန်မာလူမျိုးများ၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ဆက်လက်ရှင်သန်ဖြစ်ထွန်းရေး၊ မြန်မာ့ယဉ်ကျေးမှုကို မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ ဓလေ့ထုံးစံရိုးရာအမွေအနှစ် များကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရေး ရည်ရွယ်၍ အဆိုပါ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို ကျင်းပပြလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အောင်လံခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့သော အခြေခံပညာ(၁၀-၁၅)အဆင့်၊ အခြေခံပညာ(၁၀-၁၅အဆင့် ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ(၁၅-၂၀)အဆင့် မဟာဂီတ၊ အခြေခံပညာ(၁၅-၂၀)အဆင့် ခေတ်ဟောင်း ကာလပေါ်၊ အဆင့်မြင့်ပညာ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အဆင့်မြင့်ပညာ ခေတ်ဟောင်းကာလပေါ်၊ စန္ဒယား၊ ကဗျာလွတ် စသည့်တို့ကို သီဆိုယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)