မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

 အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးဒေါက်တာ မနားကီးက တောင်သူများထံသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးလျက်ရှိသော သွင်းအားစုဓါတ်မြေဩဇာများအကြောင်းအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းက စိုက်ပျိုးသီးနှံများ ထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းလမ်းများအားလည်းကောင်း အသိပညာပေးပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျုံစုတ်‌ကျေးရွာအုပ်စု၊ မင်းဘောကျေးရွာအုပ်စုနှင့် တာပါတ်အနောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးသီးနှံများ ထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူ(၄၀) ဦး၊ စိုက်ပျိုးမြေဧက(၆၀၇၁) ဧကအတွက် ယူရီးယားဓါတ်မြေဩဇာ (၆၃၀) အိတ်၊   ကွန်ပေါင်း (၂၂၈) အိတ်တို့ကို တောင်သူလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရပါသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)