ကျောက်ကြီး စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) စီစဥ်မှုဖြင့် "အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း" အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပြီး၊ ရှေးဦးစွာမြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့် ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်စသည့် လုပ်ငန်းစဥ်သုံးရပ်ဖြင့် ဆောင်ရွက်ကြောင်းများ အသိပညာပေးခြင်း၊ လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်းက "အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း "အသိပညာပေးအနေဖြင့် စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံ သတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)