သရက်ချောင်းမြို့နယ်၌ (၂၆) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

သရက်ချောင်း စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၆) ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်နေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက အဆိုပြိုင်ပွဲအား မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များသည် နှစ်ပေါင်းထောင်ချီပြီး ရပ်တည်ရှင်သန်နေ‌သောကြောင့် တန်ဖိုးကြီးပြီး ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ပါ‌ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၇) ဦးတို့က အခြေခံပညာအဆင့် အသက် (၁၀-၁၅) အမျိုးသား/ အမျိုးသမီး ခေတ်‌ဟောင်းကာလပေါ်‌တေးသီချင်းဖြင့်လည်းကောင်း၊ အသက် (၁၅-၂၀) အမျိုးသား/အမျိုးသမီး ခေတ်‌ဟောင်းကာလပေါ်တေးသီချင်းဖြင့်လည်းကောင်း၊ အသက် (၁၀-၁၅) အမျိုးသား/ အမျိုးသမီး မဟာဂီတ‌တေးသီချင်းဖြင့်လည်းကောင်း၊ အသက် (၁၅-၂၀) အမျိုးသား/အမျိုးသမီး မဟာဂီတတေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ‌ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးနှင့် ဆရာ/ ဆရာမများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ ရပ်မိ/ရပ်ဖများ၊ မိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အဆိုပါပြိုင်ပွဲများသီးသီးတွင် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့က အမှတ်ပေး စည်းမျဉ်းများနှင့်အညီ စနစ်တကျအကဲဖြတ်အမှတ်‌ပေးရွေးချယ်ပြီးနောက် ပြိုင်ပွဲအမျိုးအစားများအလိုက် ဆုရရှိသူများအား ဆုကြေညာပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)