မကွေး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးက နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးမြိုနယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက တက်ရောက်လာသည့် ဌာနဆိုင်ရာများအား လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူဖြစ်လျှင် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးသွင်းခြင်းနှင့် တင်ဒါလုပ်ငန်းတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ %တွက်ချက်မှုနှင့် ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းငွေ ၂ % တွက်ချက်မှုဆိုင်ရာကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာများ သိလိုသည့်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ငွေစာရင်းတာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)