ပေါက်ခေါင်း စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို လေးကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်း အလေ့အကျင့်အကြောင်းနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့်ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)