ငပုတောမြို့၌ မြေပြင်လူဦးရေစာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငပုတော စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်မြေပြင် လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်း‌ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ မြို့နယ်အတွင်းအိမ်ရှိ လူမရှိမှုအခြေအ‌နေအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရပ်ကွက်ကျေးရွာ မြေပြင်လူဦးရေကောက်ယူရေးအဖွဲ့များမှ ရပ်ကွက်အတွင်း တစ်အိမ်ဆင်းတစ်အိမ်တက် လူဦးရေစာရင်းများတိုက်ဆိုင်နေမှုအခြေအနေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရပ်ကွက်များအတွင်းသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ရပ်ကွက်ကျေးရွာ မြေပြင်လူဦးရေကောက်ယူရေးအဖွဲ့များအား မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း၌ (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများ လူကျန်မှုမရှိစေရေးနှင့် သေဆုံးသူများ မဲစာရင်းတွင်မပါရှိစေရေးနှင့် မဲစာရင်းများမှန်ကန်စေရေးအတွက် တစ်အိမ်ဆင်းတစ်အိမ်တက် စနစ်တကျဖြင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ဌာနများမှ ပေါင်းစပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)