ပဲခူး စက်တင်ဘာ ၅
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ယမန်နေ့၊ နေ့လယ်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ဦးထိန်လင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ရန် ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ တက်သစ်စ အမျိုးသမီးကစားသမားဆုရရှိသူ ကျောနံပါတ်(၄) အိမ့်မြတ်မြတ်မိုး ရှမ်းပြည်နယ်အသင်းနှင့်တက်သစ်စ အမျိုးသားကစားသမားဆုရရှိသူ ကျောနံပါတ်(၆) ဟိန်းဇော်ဝင်း ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်နှင့် ဦးဝင်းတင့်တို့က ဂုဏ်ပြုအမှတ်တရလက်ဆောင်ပေးအပ်ပြီး အကောင်းဆုံးအမျိုးသမီးကစားသမားဆုရရှိသူ ကျောနံပါတ်(၃) ခင်ပပမျိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် အကောင်းဆုံးအမျိုးသားကစားသမားဆုရရှိသူ ကျောနံပါတ်(၁) ဇေယံစိုး၊ ပဲခူးတိုင်းဒေသကြီးအသင်းတို့အား မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်နာယကဦးစိုးတင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်ဝန်ဦးကျော်ဆန်းတို့က ငွေသားဆုများကိုချီးမြှင့် ပေးအပ်သည်။
ယင်းနောက် အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးနှင့် အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကို တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်ကလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်း ပြိုင်ပွဲတွင်ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦတင်ဆွေနှင့် အမျိုးသား (၆)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသောမန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို လူမှုရေးရာဝန်ကြီးဦးမျိုးအောင်ကလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့် အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို စီးပွားရေးရာဝန်ကြီးဦးတင်ဦးတို့မှ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အမျိုးသမီးတံခွန်စိုက်ဆုကို အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူးဦးထိန်လင်းက ချီးမြှင့်ပေးအပ်ပြီး အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တံခွန်စိုက်ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသားအသင်း(၁၀)သင်းနှင့် အမျိုးသမီးအသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)