လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာ (ပထမအကြိမ်) သင်တန်းဖွင့်လှစ်

ကသာ စက်တင်ဘာ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကသာခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်စေသည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ (ပထမအကြိမ်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ယာယီသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေသူများ၏ ဝင်ငွေတိုးပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် ဤစီမံကိန်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက စီမံကိန်းပြုလုပ်ရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းဖြင့်ဆောင်ရွက်မည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ (ပထမအကြိမ်) သင်တန်းအား စက်တင်ဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ထိလည်းကောင်း၊ ဒုတိယအကြိမ် (မွမ်းမံ) သင်တန်းအားအောက်တိုဘာလ ၁၁ ရက်မှ ၂၅ ရက်နေ့ထိလည်းကောင်း သင်တန်းသား (၁၁) ဦးဖြင့်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသော သင်တန်းသား (၅) ဦးအား လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိကျေးရွာ (၁၅၁) ရွာမှ အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၆၉၇)ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၉၃) ရွာမှ အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၉၆၅) ဦး စုစုပေါင်းလုပ်ငန်းရှင် (၁၆၆၂) ဦး ပေါ်ထွက်လာခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၉၆) ရွာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၉၈၀) ဦးပေါ်ထွက်လာမှာဖြစ်ကြောင်း သိရသည်။

ကျော်စွာ (ကသာ)