မြဝတီမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်လှစ်

မြဝတီ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံခန်းမတွင် စက်တင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်၌ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်စမ်းစမ်းထွေးက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်ဇင်ကမိခင်နှင့်ကလေးကျန်းမာရေး ပညာပေးလုပ်ငန်းဆိုင်ရာများ၊ မိခင်သေနှုန်း၊ ကလေးသေနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ရပ်ကွက်/ ကျေးရွာများရှိ အလွှာအသီးသီးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက်လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ရှောင်ရန်နည်းလမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပို့ချပေးခဲ့သည်။

မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာအနှံ့ သိရှိခံစားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းအား စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် Volunteers  (၃၀) ဦး တို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)