ကော့သောင်း စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အကဲဖြတ်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ပြိုင်ပွဲဝင်အနုပညာရှင်များ၊ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ခရိုင်တရားသူကြီး ဦးချစ်ကိုကိုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက သာယာဝေစည်ကော့သောင်းဌာနေ ဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များသည် နှစ်ပေါင်းထောင်ချီပြီး ရပ်တည်ရှင်သန်နေသောကြောင့် တန်ဖိုးကြီးပြီး ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အနေဖြင့် အချိန်အား၊ လူအား၊ ဓနငွေကြေးအင်အားများဖြင့် ကျင်းပနေခြင်းသည် မြန်မာနိုင်ငံအတွင်း၌ စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးပိုင်ဆိုင်ထားကြသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ကောင်းမြတ်သည့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းအပြင် အဆိုပါ အမွေအနှစ်များ တိမ်ကောပျောက်ကွယ်မသွားစေရန် ဆင့်ကဲဆင့်ကဲဖြန့်ဝေဆက်ခံနိုင်ကြရန်နှင့် လူငယ်များအကြား အမျိုးသားရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ မြတ်နိုးထိန်းသိမ်းလိုသည့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာရေးဟူသည့်ဦးတည်ချက်များဖြင့် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၆) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေဖြင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်း၊ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအနုပညာရပ်များ သီးသီးသန့်သန့် တည်ရှိဖြစ်ထွန်းနေခြင်းသည် ဂုဏ်ယူဝင့်ကြွားဖွယ် အမျိုးသားရေးဂုဏ် ဒြပ်တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုမရှိပါက အမျိုးဂုဏ်၊ ဇာတိဂုဏ် လျော့ပါးပြီး နိုင်ငံနှင့်လူမျိုးပါပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိသည်ကို သတိပြုကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှသည် မြန်မာ့ရိုးရာအနုပညာစစ်စစ်များ ထွန်းကားနေအောင် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့် အမျိုးသားရေးအသိစိတ်ဓာတ်အခြေခံနှင့် ကျရာကဏ္ဍမှ ကြိုးပမ်းပါဝင်ထမ်းရွက်သွားကြပါရန်" အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် (၁၀-၁၅) နှစ် အဆို (ခေတ်ဟောင်းကာလပေါ်) အမျိုးသမီး၊ (၁၅-၂၀) နှစ်အက အမျိုးသမီး၊ (၁၅-၂၀) နှစ်အက အမျိုးသား၊ (၁၀-၁၅) နှစ်အက အမျိုးသား၊ (၁၀-၁၅) နှစ်အက အမျိုးသမီး၊ (၁၀-၁၅) နှစ်အဆို (ခေတ်ဟောင်းကာလပေါ်) အမျိုးသား၊ (၁၅-၂၀) နှစ်အဆို (ခေတ်ဟောင်းကာလပေါ်အမျိုးသား/အမျိုးသမီး)၊ (၁၀-၁၅) နှစ်အတီး (စန္ဒယား) အမျိုးသား/ အမျိုးသမီး၊ (၁၀-၁၅) နှစ်အတီး (စောင်း) အမျိုးသား/ အမျိုးသမီး၊ (၁၅-၂၀) နှစ်အတီး (စောင်း) အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများအား ပြိုင်ပွဲဝင်များမှ ပြိုင်ပွဲအမျိုးအစားအလိုက် အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)