မြဝတီ စက်တင်ဘာ ၄
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် (၂၆)ကြိမ်မြောက်၊ ခရိုင်/ မြို့နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီက မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ City Home ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြိုနယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့များက တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအား အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်းနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား ဆုများချီးမြှင့်ကြပြီး ပွဲတော်ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မြဝတီခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက် ၁၀ နှစ်မှ ၁၅ နှစ်၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆၁ ဦးတို့က မဟာဂီတ၊ ကာလပေါ် အဆို၊ အက၊ စန္ဒရားတီးနှင့် ကဗျာလွတ်အဖွဲ့ (၁၂)ဖွဲ့ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲ၌ ဆုရရှိသူများသည် ကရင်ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)