ထားဝယ် စက်တင်ဘာ ၄
ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေပေးအပ်ခြင်း၊ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲမှူးရုံး၊ ရဲဇာနည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ရဲမှုထမ်းဟောင်းများအဖွဲ့ကို ဖွဲ့စည်းထားရှိပြီဖြစ်ပြီး တိုင်းဒေသကြီးရဲမှုထမ်းဟောင်းများစည်းရုံးရေးကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးရဲမှုထမ်းဟောင်းများအဖွဲ့၏ မြို့နယ်အလိုက် ရန်ပုံငွေများအနေဖြင့် ထားဝယ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့တွင် ရန်ပုံငွေ ၂၈,၃၃၇,၁၉၉/- ကျပ်၊ မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့တွင် ရန်ပုံငွေ ၃၇,၁၄၉,၀၃၅/- ကျပ်နှင့် ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့တွင် ရန်ပုံငွေ ၂၅,၀၉၄,၆၉၉/- ကျပ်၊ စုစုပေါင်း ၉၀,၅၈၀,၉၃၃/- ကျပ်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး မြေနေရာရရှိရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အလုပ်အကိုင်ရရှိမှုအနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်ခဲ့ပြီး ထားဝယ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရဲမှုထမ်းဟောင်းအဖွဲ့များက ပါဝင်ဆောင်ရွက်လျက်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ ပိုမိုရရှိရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေကျပ် သိန်း (၇၀) ပေးအပ်ရာ တိုင်းဒေသကြီးရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က လက်ခံရယူပြီး မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ချုပ်က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)