တောင်တွင်းကြီးမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အလိုက်ဆောင်ရွက်လျက်ရှိရာ ယမန်နေနေ့လယ် ၃ နာရီအချိန်က ချောင်းနက်အုပ်စုအတွင်းရှိ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းလုပ်ငန်းများအား သိရှိနားလည်စေရန် ချောင်းနက်ကျေးရွာရှိ ကမ္ဘာအေးစေတီဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ဖြိုးထက်ထက်အောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ရွေးကောက်ပွဲအရာရှိ ဦး‌ပြည့်မောင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင်ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့်ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား နေ့စဉ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)