တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပထမပိုင်းအစီအစဉ်အနေဖြင့် အ.ထ.က (၆) မှ ကျောင်းသား/ ကျောင်းသူများက “ဒို့ပြည်ထောင်စုအတွက်” သီချင်းဖြင့်ကပြခြင်း၊ ရွှေထားဝယ်ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် ကပြခြင်းနှင့် ပန်းပွားအဖွဲ့တို့ ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ဒုတိယပိုင်းအနေဖြင့် ပတ္တမြားဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က (၆) မှ ကျောင်းသား/ ကျောင်းသူများက “ထိန်းသိမ်းစို့လေ စာပေအမွေ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက “ပညာရေးသည် လူတစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါသည်မဟုတ်၊ လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို တည်ဆောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကနေရာတွင် ပါဝင်လျက်ရှိကြောင်း၊ “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပင်ဖြစ်ကြောင်း၊ ဒါကြောင့် ကလေးသူငယ်လူငယ်လူရွယ်များ စဉ်ဆက်မပြတ် ပညာသင်ကြားရေး နှင့်လူငယ်များအတွက် အတတ်ပညာသာမက အသိပညာ၊ ဗဟုသုတများပြည့်ဝရေးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်၏ပညာရေး စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ” ကို နိုင်ငံတော်က တာဝန်ယူပုံဖော်ပေးလျက်ရှိကြောင်း၊  ဒါကြောင့် သင်ယူဆည်းပူး ရရှိထားသော အသိပညာ၊ အတတ်ပညာများ၊ အလေ့အကျင့်ကောင်းများနှင့် ခံယူချက်ကောင်းများကို ဆက်လက် ထိန်းသိမ်းပြီးနိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုလို “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” များကို ကျင်းပနိုင်ခြင်းက  နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအမြစ်ကို  အသုံးချနိုင်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊“ပညာဘဏ်တိုက်စာကြည့်တိုက်” ဟူ၍ အဆိုရှိကြောင်း စာကြည့်တိုက်များကို အသိပညာအတတ်ပညာဟူသောအဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာ ဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ် ကြောင်း ၊ဒါကြောင့် စာဖတ်သူက စာမဖတ်သူထက် လောကကို ပို၍ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နိုင်သူ၊ အမှားအမှန်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်ဉာဏ်ဖြင့် ခွဲခြားသိမြင်နိုင်သူတို့ဖြစ်လာကြောင်း၊ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသားကျောင်းသူများအတွက် သင်ခန်းစာပြင်ပဗဟုသုတများ ဖြန့်ဝေရာ ပင်မနေရာများ ဖြစ်ပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသင်ပညာရပ်များသာမက စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် ဗဟုသုတ အသိတရားများနှင့်ပါ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို စာပေဖတ်ရှုသည့် အလေ့အကျင့်များဖြင့် ပြုစုပျိုး ထောင်ကြရန်လိုအပ်ကြောင်း" ပြောကြားသည်၊

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကကျပန်းစကား ပြောပြိုင်ပွဲ (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ (၅) ဦးအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ (၅) ဦးအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က စာဖတ်စွမ်းရည် (အလယ်တန်း) အဆင့်တွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူ (၅) ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စာစီစာကုံး (အလယ်တန်း) အဆင့်တွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူ (၅) ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပုံပြင်ပြောပြိုင်ပွဲ (မူလတန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ (၅) ဦးအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့် လူငယ်စာပေဆွေးနွေးပေးသော စာရေးဆရာမ နုနှင်းသစ်နှင့် ကျောင်းသား /ကျောင်းသူ (၄) ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။

ထို့နောက် အ.ထ.က (၆) ကျောင်းစာကြည့်တိုက်အတွက် တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးစာကြည့် တိုက်များဖောင်ဒေးရှင်းတို့က စာအုပ်စာစောင်များ လှူဒါန်းပြီး ကျောင်းအကျိုးဆောင် ဦးဝင်းဇော်ထွန်းမိသားစုက စာအုပ်စာစောင်များဝယ်ယူရန်အတွက် အလှူငွေ (၅) သိန်းကျပ်နှင့် ကျောင်းအကျိုးဆောင်များကိုယ်စား ဒေါ်သူဇာအောင်က အလှူငွေ (၅) သိန်းကျပ်ကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွက် ပထမဆုရရှိသော ကျောင်းသူက ပြိုင်ပွဲဝင်ခေါင်းစဉ်ဖြင့် ပြန်လည်၍ သရုပ်ပြပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် သီဆို၍အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)