အုတ်တွင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းဗောဓိကုန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းဗောဓိကုန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကြည်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်း လင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းနှင့် အ.ထ.က ဗောဓိကုန်းကျောင်းမှ ဆရာမဒေါ်အိဖြူစင်တို့က စေ့စပ်ညှိနှိုင်းသူများအဖြစ်ပါဝင်ဆောင်ရွက်ကြပြီး Grade-10 မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မဆုပြည့်ပြည့်အောင်က "လူငယ်နှင့်ကျန်းမာရေး"၊ မောင်သူရအုပ်စိုးက "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊ မယဥ်ယဥ်မွှေးက "လူငယ်နှင့်စာဖတ်ခြင်း"၊ မောင်ဟိန်းထက်ဇော်က "လူငယ်နှင့်နည်းပညာ" စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့်အချက်များကိုမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအားတာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)