ဘားအံ စက်တင်ဘာ ၃
ကရင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ အလျားပေ ၂၀၀၊ အနံပေ ၁၃၀ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းတစ်ခုလုံးခွင့်ပြုရန်ပုံငွေကျပ် ၃၉၈၀ ဒသမ ၅ သန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်း ၁၃ ခုအား လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ တည်ဆောက်ရေးလုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးကာ သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည် ဓမ္မာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်လျက်ရှိသော ရှားမူလာကုမ္ပဏီမန်နေဂျင်းဒါရိုက်တာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေထိန်းနံရံလုပ်ငန်း၊ ကျောက်စီရေမြောင်းလုပ်ငန်း၊ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ဝင်/ထွက်လမ်းနှင့် ယာဉ်ရပ်နားရာ နှစ်ထပ်ကားပါကင်ပတ်လမ်း ပေ ၄၀ မြေသားလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ သာသနာ့ဗိမာန်တော်ကြီး(၄)ထပ် ပင်မအဆောက်အဦအတွင်း အပိုင်းလိုက်ဆောင်ရွက်နေသည့် အချောသတ် လုပ်ငန်း၊ ခေါင်မိုးလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် UHM DEVELOPMENT CO.,LTD ၏ ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ မြေဧရိယာ ၃ ဒသမ ၃၄၄ ဧကပေါ်တွင် တည်ဆောက်လျက်ရှိသော Zwekabin Plaza မြေညီထပ်တွင် ဈေးဆိုင်ခန်းများဖွင့်လှစ်၍ ဈေးဝယ်စင်တာလုပ်ငန်းများစတင်လည်ပတ်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီ CEO ဦးထွန်းအောင်ရွှေက Zwekabin Plaza မြေညီထပ်ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ Zwekabin Plaza အားဆက်လက်ဆောင်ရွက်မည့်ပုံစံ၊ မြေညီထပ်လက်ရှိအခြေအနေနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများ၊ ရေမီးစနစ်၊လုံခြုံရေး၊သန့်ရှင်းရေးလုပ်ငန်းများအပါအဝင် ငွေကျပ်သိန်းပေါင်းလေးထောင်ခြောက်ရာကျော်သုံးစွဲ၍ မြေညီထပ်ဖွင့်လှစ်နိုင်ရန်ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ Zwekabin Plaza မြေညီထပ် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့အမှတ်(၅)ရပ်ကွက် ပြည်နယ်လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်အတွင်းမှ ဘိလိယက်နှင့်စနူကာအားကစားသမား ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲစတင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ 9 Ball ပြိုင်ပွဲနှင့် 15 Red Snooker ပြိုင်ပွဲဟူ၍ အမျိုးအစားနှစ်မျိုးခွဲကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲ သူများအား ဂုဏ်ပြုဆုများထို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)