ပေါက်ခေါင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာမှ တောင်သူဦးဝင်းမောင်လေး၏ ချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆) စိုက်ပျိုးထားရှိသော ဝါစိုက်ခင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများအနေဖြင့် ဇွန်လမှစ၍ စတင်စိုက်ပျိုးကြရာ သက်ကြီးမျိုးဝါများဖြစ်သောကြောင့် ခူးဆွတ်ချိန်မရောက်မီဝါပင်များ ပိုးမွှားအန္တရာယ်မကျရောက်စေရန်နှင့် ပိုးသတ်ဆေးကို စနစ်တကျ ပက်ဖျန်းတတ်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်မှာကြားပေးခဲ့ပြီး ချည်မျှင်ရှည်ဝါအထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မှာယူစိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ဝါကြီးနှင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧက စုစုပေါင်း ၇၅၂ ဧကကို လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)