ပန်းတောင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ အချိန်က အ.ထ.က (ခွဲ)ဒန့်ဒလွန်ကျောင်းနှင့် အ.မ.က(လွန်)ဒေါင်းမြတ်နားကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှုလျော့ကျစေရန်၊ ကျန်းမာကြံ့ခိုင်စေရန် ကာယလေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု Activity လုပ်ငန်းစဥ်များလိုက်ပါဆောင်ရွက်စေခြင်းများ၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်၊ စာစောင်များဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)