မင်းလှမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းလမ်းများ ဆွေးနွေး

မင်းလှ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မင်းလှမြိူ့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဝါသီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါ စနစ်တကျကာကွယ်နှိမ်နင်းနိုင်ရေးအတွက်ရည်ရွယ်ကာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသိန်းက ဒေသခံတောင်သူများ၏ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဝါစိုက်ခင်းများတွင် အတွေ့များသည့် ပိုးမွှားများအန္တရာယ်ကာကွယ်နှိမ်နင်းခြင်းနည်းပညာများ၊ သဘာဝဆေး၊ သဘာဝမြေဩဇာလက်တွေ့ပြုလုပ်ခြင်းနည်းပညာများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စနစ်တကျ ရောစပ်အသုံးပြုခြင်းနည်းပညာများအား တက်ရောက်လာသည့် တောင်သူ(၂၀)ဦးအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

တောင်ဦးကျေးရွာသည် ဝါစိုက်ပျိုးနှုန်းများသည့် ကျေးရွာဖြစ်သည့်အတွက် မင်းလှမြို့နယ်၌ ဝါသီးနှံအထွက်တိုးရေး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းလမ်းများ ဆွေးနွေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။         

 ဝင်းမြတ်(အထက်မင်းလှ)