မင်းလှ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက တောင်ဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာန၊ သင်တန်းတွင်သင်ကြားပို့ချမည့် နည်းပြဆရာ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မင်းက EM (Effective Micro Organicism) ဖျော်ရည်ပြုလုပ်နည်းအား လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့် တက်ရောက်လာသည့် သင်တန်းသား/သူများ အနေဖြင့် သင်တန်းကာလတွင် သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို သင်ယူမှတ်သားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသား/သူများကို သဘာဝမြေဩဇာပြုလုပ်နည်းနှင့် EM ဖျော်ရည် ပြုလုပ်နည်းများအား လက်တွေ့သင်ကြားခြင်းကို ၃-၉-၂၀၂၅ ရက်နေ့မှ ၅-၉-၂၀၂၅ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါ သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာမှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)