ဓနုဖြူ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲ လုံခြုံရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက ပဥ္စမအကြိမ် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် အမှတ်(၇)ရပ်ကွက်၊ ရတနာသီရိလမ်းရှိ စိန်ဓမ္မာရုံသို့သွားရောက်ကာ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)