စလင်း စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစီအစဥ်ဖြင့် ရမှတ်ကျေးရွာ ဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန စီမံချက် လက်ထောက် ဒေါ်ပြုံးဝေက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့်ကလေးငယ်များ အာဟာရမျှတစွာစားသုံးတတ်စေရန်လည်းကောင်း ကလေးငယ်များ အနာဂတ်လှပဖို့ မိခင်နို့တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး၊ အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းအကြောင်းများကို ရှင်းလင်းပြောကြား အသိပညာပေး ပြောကြားခဲ့သည်။
ကျန်းမာရေးဆရာ သက်မျိုးထွန်းက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုပြုလုပ်ဆောင်ရွက်ရသည့် အကြောင်းအရာများနှင့်၊ မိခင်များ အစာအာဟာရ၊ စားသောက်ရသည့်အချက်များ၊ အိုင်အိုဒင်းဆားစားသောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ပြည့်စုံစွာ ရှင့်လင်းဆွေးနွေးခဲ့ပြီးသည်။
ထို့နောက် တက်ရောက်လာကြသည့် ရမှတ်ကျေးရွာအုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ ဆောင်ရွက်ကြရမည့် အသိပညာပေးမေးခွန်းများကို မေးမြန်းကြရာ နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်မိခင်များက မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများမှ ပထမပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ် ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ်၊ တတိယပတ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက် မိခင်များအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့ ရောဂါပပျောက်ရေး ရက်သတ္တပတ်အခမ်းအနားများကို အပတ်စဥ်ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားသို့ ကျန်းမာရေးဝန်ထမ်းများ ကျေးရွာနေပြည်သူများနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၄၅) ဦးတက်ရောက်ခဲ့ရာ၊ တက်ရောက်လာသူများအား အာဟာရဖွံ့ဖြိုးရေး ဖြည့်သွက်စာများဖြစ်သည့် ဆန်၊ ကြက်ဥ၊ ကုလားပဲများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)