ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းဖွင့်လှစ်

ရွှေတောင် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့ နေ့ လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဆန်တစ်ဆုပ်ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်သဲစုခိုင်စိုးက အီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှမဲရလဒ်များထုတ်ယူရေတွက်ပုံအဆင့်ဆင့်များ၊ မဲပေးစက်အသုံးပြုခြင်း၏အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းသို့မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကြာနီကန်ရပ်ကွက်အတွင်းရှိဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်တို့ကို လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်းရာ မေးမြန်းခြင်းများအပေါ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)