သံတောင်ကြီး စက်တင်ဘာ ၃
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများအရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှကော်ဖီစိုက်ပျိုးနည်းပညာ များကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပြီး ယခင်နှစ်ကော်ဖီမှုန့် တစ်ပိဿာလျှင် ကျပ် ၆၀၀၀၀မှ ၆၅၀၀၀ ရရှိကာ ယခုနှစ်တွင်ကော်ဖီမှုန့်တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀ မှ ၇၅၀၀၀ အထိ ဈေးကောင်းရရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးစောသာဝါးထံမှ သိရသည်။
သံတောင်ကြီးဒေသတွင် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်လက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်နှစ်မှစ၍ ကော်ဖီမှုန့်များ ဈေးကောင်းရရှိခဲ့ရာ ယခုနှစ်တွင်လည်း သံတောင်ကြီးဒေသထွက်ကော်ဖီများ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်းသိရသည်။သံတောင်ကြီးဒေသတွင် ကော်ဖီသီးနှံများအား သဘာဝမြေဩဇာများကိုသာအသုံးပြု စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးသောကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော်ဖီ)နှင့်ရိုဘတ်စတာကော်ဖီ (အပင်မြင့်ကော်ဖီ)ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။
နော်နော်မူ