ကျောက်ကြီး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် သုံးဘီးမော်တော်ယာဥ်ဖြင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး ယခုလိုစာအုပ်/စာစောင်ပြပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်ဖြင့်မအားလပ်၍ စာကြည့်တိုက်သို့မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှား ရမ်းဖတ်ရှုရန်ခက်ခဲသူများအတွက်လည်း Mobile Library စနစ်ဖြင့်စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျှက်ရှိကြောင်း ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူးဒေါ်ဆွေဆွေမြင့် ပြောကြားချက်အရသိရသည်။
စာအုပ်စာစောင်ပြပွဲတွင် ကလေးစာပေများ၊ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့်စာအုပ်များကိုခင်းကျင်းပြသ၍ ကျောင်းသားလူငယ်များက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)