ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် စက်တင်ဘာ ၃

မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က လက်ခုတ်တန်းကျောင်းနှင့် အမကတပ်သစ်ကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏အလုပ်လုပ်နိုင်သည့်အသက်အရွယ်နှင့် ဥပဒေပါအကြောင်း အရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား(၈)ချက်အကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်း ဆေးမှူးဒေါ်နီလာမြင့်က သနပ်ခါးပင်၏ကောင်းကျိုးများအကြောင်း၊ သုံးစွဲရန်မသင့်သည့်တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏အသုံးဝင်ပုံအကြောင်းတို့ကို အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှဒေါ်ရွှေဝတ်ရည်တိုးက “ကစားမက်တဲ့ရွှေငါးလေး" ခေါင်းစဉ်ဖြင့် ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြောခြင်းကိုဆောင် ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)