ငဖဲ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ကျော်လှိုင်ရေးသားသော “တန်ဖိုးရှိသောနေ့”စာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက သုတရသစာအုပ်စာပေများဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ Book Club အဖွဲ့ဝင် ဒေါ်ဟန်နီထွန်းက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “တန်ဖိုးရှိသောနေ့”စာအုပ်ပါ နေ့စဉ် စဉ်းစားတွေးတောမှုများမှန်နေရန် အရေးကြီးကြောင်း၊ အောင်မြင်သော လူတစ်ယောက်နှင့် အောင်မြင်မှုကိုမရသော လူတစ်ယောက်၏ အဓိကကွာခြားမှုက ဘယ်လိုစဉ်းစားသည်ဆိုတာဖြစ်ကြောင်း၊ လူတစ်ယောက်၏ပညာရေး၊ အသိုင်းအဝိုင်း၊ စွမ်းရည်တွေ မည်သို့ကောင်းစေကာမူ စဉ်းစားမှုမှားနေရင် အောင်မြင်မှုဖြင့် ဝေးရမည်ဖြစ်ကြောင်း၊ စဉ်းစားတွေးတောမှုမှန်မှ မိမိရည်မှန်းချက်၊ ပန်းတိုင်ကိုရောက်မည်၊ ချမ်းသာအောင်မြင်မှုကိုရရှိမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မရှင်းသန့်ချိုက နေ့စဉ်စဉ်းစားတွေးခေါ်မှုများမှန်နေအောင် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ယူရမည်ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်မှုမှန်အောင် စာဖတ်ရမည်ဖြစ်ပြီး စာများများဖတ်မှ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)