ပဲခူး စက်တင်ဘာလ ၃
ပဲခူးမြို့၊ ကတွင်းခြုံကျေးရွာအုပ်စု၌ စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက် သာသောဓာတ်မြေဩဇာများပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်ရှိပြီး ယခင်နှစ်က စိုက်ဧက(၁၄)သိန်းကျော် ပန်းတိုင်အထွက်နှုန်းရရှိခဲ့သဖြင့် မိုးစပါးစိုက်ဧကအားလုံး၏(၅၅)ရာခိုင်နှုန်းကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပိုမိုတိုးတက်ရရှိစေရေး ဘက်ပေါင်းစုံမှနည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှသာ မိသားစုဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ကျေးလက်နေပြည်သူများပြားပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေရသဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဖြည့်ဆည်းပေးလျက်ရှိရာ တစ်ဧကစိုက်ပျိုးစရိတ်သက်သာစေရေးအတွက် ဒေသတွင်း Drum Seeder များထုတ် လုပ်၍ ချေးငွေဖြင့်အရစ်ကျရောင်းချပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှပေးအပ်သည့်ဓါတ်မြေဩဇာများကို တောင်သူကိုယ်တိုင်လုပ်သဘာဝမြေဩဇာဖြင့် အချိုးညီအချိန်ကိုက်ရောစပ်ကြဲပက်သွားရမှာဖြစ်ပြီး မြေလပ်မရှိသီးနှံစိုက်စွမ်းအား၊ သီးထပ်စွမ်းအားတိုးတက်စေရေးကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေ၊ မြေ၊ သဘာဝနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးသွားရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေးအလေးထားဆောင်ရွက်သွားကြစေလိုကြောင်းနှင့် မိုးစပါးဖျက်ပိုးဖြစ်သည့် ရွှေခရုနှိမ်နင်းရေးအတွက် တောင်သူအစုအဖွဲ့စနစ်ဖြင့် ဘဲမွေးမြူ၍ မိုးစပါးစိုက်ခင်းအတွင်း လွတ်ကျောင်းစနစ်ဖြင့်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ကတွင်းခြံကျေးရွာအုပ်စုနှင့် စိုင်တီကျေးရွာ အုပ်စုရှိ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစုဓါတ်မြေဩဇာများပေးအပ်ခဲ့ရာ၊ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မိုးစပါးစိုက်တောင်သူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား ရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့မှဦးဆောင်၍ ဥစားဘဲကောင်ရေ(၂၀၀၀)မွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းအသားစားသုံးမှုဖူလုံစေရေး ဒေသကြက်နှင့် ဒေသဝက်တိုးချဲ့မွေးမြူသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)