မကွေး စက်တင်ဘာ ၃
သဲဖြူနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဦးအောင်မြတ် Mother Group Of Companies မှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းအတွက် ကုသိုလ်ပြုအလှူတော်ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ သဲဖြူနှင့် မဟာမြိုင်တောရ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကျန်မာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သဲဖြူနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သဲဖြူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အလှူရှင် ဦးအောင်မြတ်(Mother Group of Companies)မှ ခွဲစိတ်ရန် ကုန်ကျငွေများကို လှူဒါန်းပေးသည့်အတွက် အလှူရှင်အား ကျေးဇူးတင်ကြောင်း၊ ဤသို့ လှူဒါန်းမှုမျိုးများကိုလည်း လိုအပ်သောနေရာများ၌ ထပ်မံလှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ့များ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပူးပေါင်းဆောင်ရွက်လိုပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုဆိုလျက်ရှိပါကြောင်း ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် တိုင်းပြည်သူ့ဆေးရုံအုပ်ကြီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးသည့် ပါမောက္ခဒေါက်တာလှမျိုးနိုင်နှင့် အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး သဲဖြူဆရာတော်ဘုရားကြီးအမှူးပြုသော အလှူရှင်များမှ ခွဲစိတ်ဆရာဝန်ကြီးများနှင့်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ (၁၃၅)သိန်းကျပ်ကို ချီးမြှင့်ပေးအပ်ကာ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာ၊ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်မှ အနုမောဒနာတရား ဟောကြားသည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် တိုင်းပြည်သူ့ဆေးရုံကြီး ဂျပန်ဆောင်တွင် ခွဲစိတ်ကုသရန်တက်ရောက်နေသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ အာဟာရစားသောက်ဖွယ်ရာနှင့် အလှူငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှ ခံတွင်းနှင့် မျက်နှာ၊ မေးရိုးဆိုင်ရာ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာလှမျိုးနိုင်နှင့် အဖွဲ့မှ အခမဲ့ ခွဲစိတ်ခြင်းအစီအစဉ်ဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာပေါင်း (၆၅)ဦးကို ၂၇.၈.၂၀၂၅ နှင့် ၂၈.၈.၂၀၂၅ ရက်နေ့များတွင် ကျန်းမားရေးဆေးစစ်ခြင်း၊ သွေးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ခွဲစိတ်ရန်လူနာ (၃၄)ဦးကို ၁.၉.၂၀၂၅ နှင့် ၂.၉.၂၀၂၅ ရက်နေ့များတွင် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ