ထားဝယ် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အထိကို သက်တမ်းတိုး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ကြသည့် သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ညှိနှိုင်းတိုင်ပင်လိုသောကြောင့် အစည်းအဝေးခေါ်ယူရခြင်းကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးယခုပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ကို ပြင်ဆင်ရေးဆွဲရာတွင် ယခင်လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်ခဲ့မှုများကိုအတွေ့အကြုံယူပြီး အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်သူများက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ထိန်းကျောင်းရန် ယခုလိုစီမံချက် ရေးဆွဲ အကောင်အထည်ဖော်ခြင်းအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်များကို ထိရောက်အောင်မြင်စွာ ဖြေရှင်းနိုင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင် ကောင်းမွန်သောဂေဟစနစ်များ ပိုင်ဆိုင်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် တက်ရောက်လာသူများ အားလုံးကပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် သက်တမ်းတိုးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့်ပတ်သက်၍ ပွင့်ပွင်းလင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ငွေဇင်ယော်(ထားဝယ်)