လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ထားဝယ်      စက်တင်ဘာ ၂

တိုင်းရင်းသားလူငယ်များအတွက် အချိန်နှင့်လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ တတ်စေရန်ရည်ရွယ်၍ Professional Youth Leadership Management သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ကျင်းပရာ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးကဏ္ဍတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေကြသော ဌာနဆိုင်ရာအသီးသီးရှိ လူငယ်ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား လူငယ်များအဖွဲ့အစည်းနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်စေရန်၊ မိမိတို့၏ ကိုယ်ပိုင်အချိန်နှင့် လုပ်ငန်းခွင်အတွင်း အချိန်ကိုလေးစားတန်ဖိုးထား၍ စီမံခန့်ခွဲ တတ်စေရန်နှင့်နောက်ပြန်လှည့်၍မရသော အချိန်၏ တန်ဖိုးကိုလေးစား၍ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်ကောင်းပီသစွာ လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ Professional Youth Leadership Management သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူငယ်များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းခွင်အတွင်း တန်ဖိုးဖြတ်၍ မရသောအချိန်နှင့် အဖိုးတန် လူ့စွမ်းအား အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်လည်း ရည်ရွယ်ပါကြောင်း၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်စေသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီး လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးကဏ္ဍတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေး အပ်သည်။ သင်တန်းတွင် ဒေါက်တာအောင်ဘွား နှင့်တာဝန်ရှိသူများ က သင်တန်းသား(၅၀)ဦးအား စက်တင်ဘာ ၉ ရက်အထိ သင်ကြားပို့ချမည်ဖြစ်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)