ကန့်ဘလူမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကြိုတင်သတိပြုစရာ ဝက်များတွင်ဖြစ် ပွားတတ်သော အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်လင်းက အာဖရိကအပြင်းဖျား ဝက်ရောဂါနောက်ခံသမိုင်းကြောင်းနှင့် ရောဂါဖြစ်စေသည့်ပိုး၊ ရောဂါဖြစ်သောတိရစ္ဆာန်၊ ရောဂါကူးစက်ပျံ့နှံ့ခြင်း၊ ရောဂါလက္ခဏာများ၊ ရောဂါပိုးပျိုးချိန်၊ ရောဂါဖြစ်ပွားမှုအဆင့်ဆင့်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း နည်းလမ်းများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လူသူများ၏ သိရှိလိုသောမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

အဆိုပါ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ဆေး၊ ထိရောက်သော ကုသဆေး မရှိကြောင်းနှင့် အခြားမှားယွင်းနိုင်သောရောဂါများအနေဖြင့် ဝက်ဝမ်းကျရောဂါ၊ ဝက်နား ရွက်ပြာရောဂါ၊ စိန်ကွက်နာရောဂါ၊ ဆဲလ်မိုနဲလားရောဂါ၊ ပတ်စ်ကျူရဲလားရောဂါနှင့် အခြားသွေးအဆိပ်သင့်ရောဂါများဖြစ်ပြီး လူသို့ကူးစက်သော ရောဂါမဟုတ်ကြောင်း သိရသည်။ အသိပညာပေးဟောပြောပွဲသို့ ဒေသခံဝက်မွေးမြူရေးတောင်သူများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)