ချောင်းသာမြို့၌ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်ပွဲ ကျင်းပ

ချောင်းသာ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင်ကြော်ငြာရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်ရိုက်ကူးထားသည့် ပုသိမ်၊ ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေဒေသ ခရီးစဉ်မှတ်တမ်း video clip အား ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ချောင်းသာဟိုတယ်ဇုန်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်စေရန်အတွက် လျှပ်စစ်ပစွည်းမှားယွင်းကိုင်တွယ်ခြင်းဖြင့် မလိုလာအပ်သော ပြသနာများမဖြစ်စေရန်နှင့်ဟိုတယ်ဝန်ထမ်းများအတွက် လျှပ်စစ်သွယ်တန်း နည်းပညာကိုစနစ်တကျသင်ယူတတ်မြောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ချက်များဖြင့် ချောင်းသာမြို့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန၏ကြီးကြပ်မှု ဧရာဝတီတိုင်ဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ချောင်းသာကမ်းခြေရှိ ဟိုတယ်တည်းခိုရိပ်သာများမှ သင်တန်းသား(၃၃)ဦး တက်ရောက်ကြမည်ဖြစ်ပြီး ဧရာဝတီတိုင်ဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဋ္ဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာများက စက်တင်ဘာလ (၁) ရက်နေ့မှ (၂၆) ရက်အထိ (၄) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)