တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” သို့ တက်ရောက်

ထားဝယ် စက်တင်ဘာ ၂

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အတွင်း ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များအား လက်ဆောင်ပေးအပ်ကြသည်။

ယနေ့ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” သို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ရွှေထားဝယ်ကိုယ်ပိုင်အလယ်တန်းကျောင်းနှင့်ကောင်းကင်ကိုယ်ပိုင်မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၀၀) ဦးခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)