ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းသီဆို၍ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလိုထူးချွန်အောင်မြင်တဲ့ သားငယ်၊ သမီးငယ်များကို ဆုချီးမြှင့်ပေးရခြင်းသည် အခြေခံပညာအဆင့်မှာ လေ့လာသင်ယူနေကြတဲ့ကျောင်းသား/ကျောင်းသူများအနေဖြင့် အတုယူအားကျစိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ ပညာကိုအလေးအမြတ်ထားသည့်စိတ်စတဲ့ စိတ်ဓာတ်အင်အားတိုးပွားစေပြီး ပညာရည်မြင့်မားသည့်ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ် မြင့်မားသောလူငယ်များ ပေါ်ထွန်းတိုးတက်အောင်မြင်စေရန် မြှင့်တင်ပေးလိုသည့်စိတ်ရင်းစေတနာဖြင့် နှစ်စဉ် ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများသည် သင်ယူမှုအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့်အပြင် အခြေအနေအချိန်အခါနှင့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာအောင်မြင်ခဲ့သည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ပြီး အဆင့်မြင့်သက်မွေးပညာများသင်ယူရာတွင်လည်း ရည်မှန်းချက်ရောက်အောင် ကြိုးစားစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ အောင်ချက်အကောင်းဆုံးပထမရရှိခဲ့သည့် ညောင်လေးပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဖလေး-ကဝမြို့နယ်)နှင့် အလင်းရောင်သစ်ကိုယ်ပိုင်ကျောင်း (ညောင်လေးပင်မြို့နယ်)တို့အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က(၅)ဘာသာဂုဏ်ထူးရရှိခဲ့သူ(၂)ဦးနှင့် အောင်ချက်အကောင်းဆုံးဒုတိယရရှိသည့် အုတ်တွင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကမာစဲ-သနပ်ပင်မြို့နယ်)နှင့် ငြိမ်းချမ်းရေးကိုယ်ပိုင်ကျောင်း(တောင်ငူမြို့နယ်) တို့အား လည်း ကောင်း ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးနှင့် အောင်ချက်အကောင်းဆုံးတတိယဆုရရှိသည့် သနပ်ပင်မြို့နယ်၊ အခြေ ခံပညာအထက်တန်းကျောင်းခွဲ (ညောင်လေးပင်မြို့နယ်)နှင့် လက်ရွေးစင်ကိုယ်ပိုင်ကျောင်း(အုတ်တွင်းမြို့နယ်)တို့အားလည်းကောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်ပဲခူးတိုင်းဒေသကြီးပညာရေးမှူးတို့က (၄)ဘာသာဂုဏ်ထူးရရှိသူ(၅၂)ဦးတို့အား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုငွေများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကောင်းခြင်းမင်္ဂလာ” သီချင်းဖြင့်လည်း ကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "ပန်းဥယျာဉ်" သီးချင်းဖြင့်လည်းကောင်း၊ အ.ထ.က-မြို့အနောက် (ခ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းတိုင်း ပွင့်ပြီ မြန်မာပြည်” သီချင်းဖြင့်လည်းကောင်း၊ အသီးသီးဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် (၆)ဘာသာဂုဏ်ထူးရှင်ကျောင်းသူတစ်ဦးက ကျေးဇူးတင်ဂါရဝစကား ပြန် လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရကျောင်းသား/သူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)