တောင်တွင်းကြီး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆောင်ခြင်းများ၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်းအန္တရာယ် သတိပေးကြေညာချက်များအား ပြည်သူများသိရှိစေရန်နှင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် မုန်တိုင်းအန္တရာယ်များ ကျရောက်လာပါက လိုက်ဆောင်ရွက်သင့်သည့် အချက်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို နံရံကပ်စာစောင်တွင်ပြသထားရာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် ရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)