ဖျာပုံခရိုင်အတွင်းစားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေးဆွေးနွေး

ဖျာပုံ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများသည် စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေးအတွက် ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁) ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။

အဆိုပါ စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်က ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများသို့ စားအုန်းဆီကို သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ်စျေးနှုန်းဖြင့် ရောင်ချကြစေရေးနှင့် စားအုန်းဆီဖြန့်ဖြူးမှု လုပ်ငန်းစဥ်တစ်လျှောက်မှန် (၆) မှန်ဖြင့်စနစ်တကျ၊ မှန်ကန်စွာဆောင်ရွက်ရန် ကိစ္စများနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားသည်။ ထိုနောက်စားသုံသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချ ပေးနေမှုများပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကား ကိုယ်စားလှယ်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာသက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်၊ စားသုံသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းထွန်း၊ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကား ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)