ဂန့်ဂေါတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး

ဂန့်ဂေါ စက်တင်ဘာ ၂

ဂန့်ဂေါမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။

ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက် ငါးနှစ်အောက်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယို အကြောသေကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး (ထိုးဆေး)၊ ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး(PCV)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးနှင့် တီဘီရောဂါကာကွယ်ဆေး၊ မေးခိုင်ဆုံဆို့ရောဂါကာကွယ်ဆေး(ကိုယ်ဝန်ဆောင်)များကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံ/တိုက်ကျွေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရာသို့ စက်တင်ဘာ(၁)ရက်နေ့က ဂန့်ဂေါမြို့ပေါ်(၄)ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ရှုံးရှီ၊ အုတ်လှ၊ ပိတောက်ကုန်း၊ ဇာဟော၊ ပြစ်မ၊ လယ်မ၊ လာပို့၊ လက်ပန်၊ မြင်သား၊ ကျော်ရွာ၊ ဘော်ပြင်း၊ မောက်၊ ကုန်းရွာ၊ ကျွန်းဒတ်၊ မွှေ့လယ်၊ ရဲလှ၊ ကျွန်းခုံသာ၊ ကန်၊ ကန်သာကျေးရွာများမှလည်းကောင်း၊ ထီးလင်းမြို့နယ်မှ ရေမျက်နီ၊ ရေပုတ်၊ မြစ်ကိုင်း၊ ရှဲ၊ ငှက်ပြင်း၊ အညာတောကျေးရွာများမှလည်းကောင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၂၄)ဦးကို ကာကွယ်ဆေးများ  ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို စက်တင်ဘာ(၁)ရက်နေ့မှ(၅)ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆက်လက်၍ ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုအပေါ် ခရိုင်ကျန်းမာရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးကြခြင်းဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း